International News

ဧည့်ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍအတွက် တန်ဖိုးမြှင့်အခွန် (VAT) နှုန်းထားလျှော့ချပေးထားမှုကို ရုပ်သိမ်းသွားမည့် ဘယ်လ်ဂျီယံနိုင်ငံ

Last Updated:

ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ lockdowns များကြောင့် စီးပွားရေးအခက်အခဲများ ရင်ဆိုင် ကြုံတွေ့ရသည့် ဘားဆိုင်များ၊ စားသောက်ဆိုင်များကဲ့သို့သော ဧည့်ဝန်ဆောင်မှုလုပ်ငန်းများ အတွက် ခုသာခံသာရှိစေရန် Value-Added Tax (VAT) အထူးနှုန်းထားအဖြစ် (၆) ရာခိုင်နှုန်း သတ်မှတ်ပေးထားမှုကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အဆုံးသတ်သွားမည် ဖြစ်ကြောင်း ဘယ်လ်ဂျီယံ ဖက်ဒရယ်ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Vincent Van Peteghem က ပြောကြားခဲ့သည်ဟု သိရသည်။

ထိုသို့ VAT နှုန်းထားကို (၆) ရာခိုင်နှုန်း လျှော့ချသတ်မှတ်ပေးထားသဖြင့် ဧည့်ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ယခင်ဈေးနှုန်းအတိုင်းရောင်းချသော်လည်း အစိုးရထံသို့ အခွန်လျှော့၍ ပေးဆောင်နိုင်ခြင်းဖြစ်ပါသည်။ ဘယ်လ်ဂျီယံနိုင်ငံ၌ ပုံမှန် VAT နှုန်းထားမှာ လုပ်ငန်းကဏ္ဍအပေါ် မူတည်၍ (၁၂) ရာခိုင်နှုန်းမှ (၂၁) ရာခိုင်နှုန်းအတွင်း ကောက်ခံခြင်းဖြစ်ပါသည်။

အဆိုပါ အခွန်လျှော့ချပေးသည့် အစီအမံသည် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများ၏ အခက်အခဲများ လျော့ပါးသက်သာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ယင်းအစီအမံကို စက်တင်ဘာလကုန်တွင် အဆုံးသတ်မည်ဟု ရှင်းလင်းစွာဖော်ပြထားပြီးဖြစ်ကြောင်း၊ ကပ်ရောဂါ၏ သက်ရောက်မှုများကို ဖြေရှင်းနိုင်ရေး ဆောင်ရွက်ခဲ့သည့် အခြားသော အထောက်အပံ့အစီအမံများစွာကိုလည်း အဆုံးသတ်ရန် အချိန်ရောက်ရှိလာပြီဖြစ်ကြောင်း၊ ယင်းအစီအမံများကို တစ်ဆင့်ချင်း ရုတ်သိမ်းသွားသင့်ပြီး၊ ယခုနှစ်အကုန်တွင် အပြီးသတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊      ဘယ်လ်ဂျီယံနိုင်ငံ ဖက်ဒရယ်အစိုးရအနေဖြင့် ယူရို (၃၀) ဘီလျံတန်ဖိုးရှိသည့် ကပ်ရောဂါဆိုင်ရာ အထောက်အကူပြုအစီအမံများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း  Vincent Van Peteghem က ပြောကြားခဲ့သည်ဟု သိရပါသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် - (The Brussels Times)

Category: International News